တနင်္သာရီတိုင်းဒေသကြီး၏ နောက်ခံသမိုင်းကြောင်း
ပထဝီဝင်အနေအထား
တည်နေရာနှင့် အကျယ်အဝန်း
တနင်္သာရီတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၉·၅၈' နှင့် ၁၅·၆' အကြား နှင့် အရှေ့လောင်ဂျီတွဒ် ၉၇·၄၆' နှင့် ၉၉·၄၀' အတွင်း တည်ရှိပါသည်။ တနင်္သာရီတိုင်း ဒေသကြီးသည် ဧရိယာစတုရန်းမိုင် ၁၆၇၃၅.၅၆ မိုင်၊ ၁၀၇၁၀၇၅၇ ဧက ကျယ်ဝန်းပြီး မြန်မာနိုင်ငံဧရိယာ၏ ၆.၃၇% ခန့် ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီးသည် တောင်မြောက်ရှည်လျားပြီး အရှေ့အနောက်ကျဉ်းမြောင်းသည့် သွယ်လျလှပသော တိုင်းဒေသကြီးဖြစ်ပါသည်။ အရှေ့ဘက်၌ ထိုင်းနိုင်ငံနှင့် တောင်မြောက် အကွေ့ အကောက်အတိုင်း ကုန်း၊ ရေ ထိစပ်မှုမှာ ၄၆၉.၁၃ မိုင် ဖြစ်ပြီး အနောက်ဘက်တွင် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် အကွေ့အကောက်အတိုင်း ၅၅၀ မိုင်၊ မြောက်ဘက် တွင် မွန်ပြည်နယ်နှင့် အရှေ့အနောက်အကွေ့ အကောက်အတိုင်း ၄၄ မိုင်ခန့် ထိစပ် လျက်ရှိပါသည်။
နယ်နိမိတ်
တနင်္သာရီတိုင်းဒေသကြီး၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့်နယ်နိမိတ် ထိစပ်လျက် ရှိပြီး တောင်ဘက်တွင် ထိုင်းနိုင်ငံနှင့် ကပ္ပလီပင်လယ်တို့ ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မွန်ပြည်နယ်နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ ထိုင်းနိုင်ငံနှင့် ထားဝယ်ခရိုင်အတွင်း ကုန်းမြေ ၈၀ မိုင်၊ မြိတ်ခရိုင်အတွင်း ကုန်းမြေ ၁၅၉ မိုင်၊ ကော့သောင်းခရိုင်အတွင်း ကုန်းမြေ ၈၇.၁၃ မိုင်နှင့် ရေပြင် ၁၄၂.၂ မိုင်၊ စုစုပေါင်း ၂၃၀.၁၃ မိုင် ထိစပ်လျက်ရှိပြီး တိုင်းဒေသကြီးနှင့်ထိစပ်လျက်ရှိသော နယ်နိမိတ်စုစုပေါင်းမှာ ၄၆၉.၁၃ ဖြစ်ပါသည်။
မြေမျက်နှာသွင်ပြင်
တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တောင်ဘက်ဆုံးအပိုင်းတွင် တည်ရှိပြီး တောင်ကုန်းတောင်စွယ်ပေါများသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တည်ရှိပြီး အရှေ့ဘက်တွင် တနင်္သာရီတောင်တန်းများ ရှိသောကြောင့် ကမ်းရိုးတန်းလွင်ပြင် ကျဉ်းမြောင်းသည်။ တနင်္သာရီတောင်တန်းသည် ကမ်းရိုးတန်းနှင့်အပြိုင်တည်ရှိပြီး ထားဝယ်မြစ်နှင့် တနင်္သာရီမြစ်တို့၏ ရေဝေကုန်းတန်း (WaterShed) အဖြစ် တည်ရှိပါသည်။ ထားဝယ်လွင်ပြင်နှင့် မြိတ်လွင်ပြင်မှာ တိုင်းဒေသကြီးအတွင်း အမြင့်ပေ ၅၀အောက် နိမ့်ဆင်းသွားသော လွင်ပြင်များဖြစ်သည်။ မြင့်မိုရ်လက်ခတ်တောင်ထွတ် ၆၈၀၁ ပေကျော်မှာ တိုင်းဒေသကြီးအတွင်း အမြင့်ဆုံး ဖြစ်သည်။ တနင်္သာရီ တိုင်းဒေသကြီးသည် ကမ်းလွန်ပြင်၌ ကျွန်းပေါင်း ၈၄၀ ကျွန်းရှိပြီး တနင်္သာရီမြို့နယ်ရှိ အင်းတော်ကြီးအင်းမှာ ထင်ရှားသည်။ ရေတံခွန်ငယ်များ၊ ရေပူစမ်း များ အမြောက်အများရှိပြီး ပင်လယ်၊ သဲသောင်၊ ကမ်းခြေတို့ဖြင့် လှပဝေဆာသည့် မြေမျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။
တနင်္သာရီတိုင်းဒေသကြီး၏ရာသီဥတု
တနင်္သာရီတိုင်းဒေသကြီးသည် ပူအိုက်စိုစွတ်သော ရာသီဥတုဖြစ်ပြီး၊ အမြင့်ဆုံး အပူချိန်မှာ (၃၉.၅°c) နှင့်အနိမ့်ဆုံးအပူချိန်မှာ (၁၇.၀°c) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့ သော အမြင့်ဆုံးမိုးရေချိန်မှာ (၂၃၀.၃၉)လက်မနှင့် အနိမ့်ဆုံးမိုးရေချိန်မှာ (၁၄၃.၇၅)လက်မ ဖြစ်ပါသည်။
ခရိုင်နှင့် မြို့နယ်၊ မြို့များ
တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင် (၃) ခရိုင် (ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်)၊ မြို့နယ် (၁၀) မြို့နယ် (ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံး မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီ မြို့နယ်၊ ကော့သောင်းမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်)၊ နှင့် မြို့ (၈) မြို့ ( မေတ္တာမြို့၊ ကလိန်အောင်မြို့၊ ပလောက်မြို့၊ ပလမြို့၊ မောတောင်မြို့၊ ခမောက်ကြီးမြို့၊ ကရသူရိမြို့၊ ပြည်ကြီးမဏ္ဍိုင်မြို့) ရှိပါသည်။
လူဦးရေ
တနင်္သာရီတိုင်းဒေသကြီးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဆလုံလူမျိုးများ နေထိုင်လျက်ရှိပြီး လူဦးရေ ၁၅၂၅၄၅၉ ဦး ရှိပါသည်။
ပညာရေး
တနင်္သာရီတိုင်းဒေသကြီးတွင် တက္ကသိုလ်(၂)ခု၊ ကွန်ပျူတာတက္ကသိုလ်(၂)ခု၊ နည်းပညာ တက္ကသိုလ် (၂) ခု၊ ပညာရေးဒီဂရီကောလိပ် (၁) ခု ၊နည်းပညာအထက်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်း (၉၆) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၇၇) ကျောင်း၊ အလယ်တန်းကျောင်း (၉၀) ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၃၅) ကျောင်း၊ မူလတန်း ကျောင်း (၆၈၂) ကျောင်း၊ မူလတန်းကျောင်းခွဲ (၇၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၀၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄၄) ကျောင်း ရှိပါသည်။
အဓိကစီးပွားရေးလုပ်ငန်း
တနင်္သာရီတိုင်းဒေသကြီးတွင် ရေလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ပြီး တိုင်းဒေသကြီးအတွင်း လှပသောကမ်းခြေများနှင့် ကျွန်းပေါင်း (၈၀၀)ကျော်ရှိ သဖြင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ပါသည်။
ထင်ရှားသောနေရာများ
တနင်္သာရီတိုင်းဒေသကြီးတွင် ရှေးဟောင်းသမိုင်းဝင် ထားဝယ်ရှင်ကိုးရှင်ဘုရား၊ မောင်းမကန်ကမ်းခြေ၊ မြင်းခွာအော်ကမ်းခြေ၊ ဆင်ထောက်ကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေ၊ ပညစ်ကမ်းခြေ၊ တီဇစ်ကမ်းခြေ၊ ပါရာဒိုက်ကမ်းခြေ၊ စမ်းလှမ်းကမ်းခြေ၊ ဖိုးရှမ်းကမ်းခြေ၊ အတုလရံသီရွှေသာလျောင်းဘုရား၊ ဝိတိုရိယအငူ၊ ဘုရင့်နောင်ကုန်းတော်ကြီး၊ အသဲပုံကျွန်း၊ ညောင်ဦးဖီးကျွန်း၊ သူဌေးကျွန်း၊ စမတ်ကျွန်း ခေါ် ပါပန့်ကျွန်း၊ ၁၁၅ ကျွန်း၊ ဒုံးရေတံခွန် တို့သည် ထင်ရှားသောနေရာများဖြစ်ပါသည်။
ထင်ရှားသည့် မြစ်ကူး၊ ချောင်းကူးတံတားကြီးများ
တနင်္သာရီတိုင်းဒေသကြီးတွင် ထင်ရှားသည့် မြစ်ကူး၊ ချောင်းကူး တံတားကြီးများမှာ သမုတ်-လွတ်လွတ်တံတား(၁၂၈၇ ပေ)၊ ကျွဲကူး-ကျောက်ဖျာတံတား (၃၆၁၂ ပေ)၊ တနင်္သာရီတံတား (၁၄၄၃.၆၄ ပေ)၊ ပုလိုတုံတုံးတံတား(၂၄၀၀ ပေ)၊ မင်းသန်း - မောင်းလှော် တံတား (၂၁၀၀)ပေ တို့ဖြစ်ပါသည်။
ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်ရိုးရာ သီတင်းကျွတ်သပိတ်မျှောပွဲတော်၊ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်၊ တန်ဆောင်တိုင် ရှင်မာလဲပွဲတော်၊ တနင်္သာရီ နဂါးလှေလှော်ပြိုင်ပွဲ၊ ရေဖြူလှေလှော်ပြိုင်ပွဲ၊ ခေါသရပ်ပွဲတော်များ ကျင်းပပြုလုပ်ပါသည်။ ရိုးရာဓလေ့လုပ်ငန်းများအနေဖြင့် ထားဝယ်မုန့်ကာလာမဲလုပ်ငန်း၊ ထားဝယ်ခေါက်မုန့် လုပ်ငန်း၊ ကောက်ညှင်းကျည်တောက်လုပ်ငန်း၊ ထားဝယ်မုန့်လက်သုပ်၊ ဝါးခမောက်လုပ်ငန်း၊ သကျက်ဖျာလုပ်ငန်း၊ ဓနိပွင့်ယိုလုပ်ငန်း၊ ထားဝယ်ရိုးရာပုဆိုး၊ လုံချည်လက်ယက်ကန်းလုပ်ငန်း၊ ထားဝယ်ရိုးရာ အိုးမျိုးစုံလုပ်ငန်း၊ ပလပ်စတစ်ခြင်းတောင်းယက်လုပ်ငန်း၊ သဘော့ဖျာယက် လုပ်ငန်းတို့ လုပ်ကိုင်ကြပါသည်။
မြေပုံ
