တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မြိတ်   မတ်   ၂၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ မတ်(၂၁)ရက် နေ့လယ်ပိုင်းက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် သစ်တောဦးစီးဌာနမှ  ကြီးမှူး ကျင်းပသည့် (၂၀၂၅)ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက် ရောက်ခဲ့ကြသည်။

အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံသူ နိုင်ငံသားများမှ သစ်တောများ၏ စားရေရိက္ခာဖူလုံစေခြင်း၊ ဂေဟစနစ် ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခြင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက် အရေးပါပုံကို သိမြင်နားလည်လက်ခံပြီး သစ်တောစီမံအုပ်ချုပ်ရေးလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်လာ စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

  အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် က အမျိုးသား သစ်တောကဏ္ဍ နှစ်(၃၀)ပင်မ စီမံကိန်းနဲ့ အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်ပါ သစ်တောကဏ္ဍဆိုင်ရာရည်မှန်းချက်များအရ တနင်္သာရီတိုင်းဒေသကြီးတွင် ကြိုးဝိုင်း တော(၂၇)ခု၊ ကြိုးပြင်ကာကွယ်တော(၂၈)ခု၊ စုစုပေါင်း ဧရိယာဧက(၃၄)သိန်းကျော်၊ သဘာဝထိန်းသိမ်းရေး နယ်မြေ(၃)ခု၊ ဧရိယာဧက(၄)သိန်းကျော်၊ တိုင်းဒေသကြီးဧရိယာ၏ (၃၆.၃၄)ရာခိုင်နှုန်းကို ဖွဲ့စည်း သတ်မှတ်ခဲ့ပြီး ဒေသခံပြည်သူများ အတွက် စားရေရိက္ခာနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုတိုးမြှင့်ဖြည့်ဆည်း ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊

 ဒေသအတွင်း သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာကွယ်ဖို့၊ ရာသီဥတု ပြောင်းလဲမှု လျော့ချနိုင်စေဖို့အတွက် သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်း တွေကို ထိထိရောက်ရောက်ဆောင်ရွက်ပြီး ပြည်သူများအတွက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပိုမိုပံ့ပိုးပေးနိုင် ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဧရိယာ ဧက(၄)သောင်းကျော်ကို ဒေသခံပြည်သူ အိမ်ထောင်စုပေါင်း(၅)ထောင်ကျော်ပါဝင်သည့် အသုံးပြုသူအဖွဲ့ပေါင်း(၁၁၁)ဖွဲ့သို့ ပြည်သူလူထုက ပူးပေါင်းပါဝင်သည့် သစ်တောစီမံအုပ်ချုပ်မှု ဖွံ့ဖြိုးစေရေး ဆောင်ရွက်ပေးခဲ့ပြီး သီးနှံသစ်တော ရောနှောစိုက်ပျိုးမှု စနစ်များကို ပြည်သူလူထုထံ မိတ်ဆက်ဖြန့်ဝေပေးနိုင်ခဲ့သည့်အတွက် နိုင်ငံ့စားရေရိက္ခာဖူလုံရေးကို အထောက် အပံ့ပြုပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ပညာပေးဗွီဒီယို ပြသခဲ့ရာ ဝန်ကြီးချုပ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/မများနှင့် တက်ရောက်လာကြသူများက ကြည့်ရှု အားပေးခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်ပညာပေးပိုစတာများအား  ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )

နောက်ဆုံးရ သတင်း