မြိတ် မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ မတ်(၂၀)ရက် နံနက်ပိုင်းက မြိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဆက်လက်ကျင်းပနေမှုနှင့် ကျောင်းသား/သူများက စိတ်အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေ မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထက(၅)မြိတ် စာစစ်ဌာနနှင့် အထက(၁)မြိတ် စာစစ်ဌာနသို့ ရောက်ရှိခဲ့ကြ ပြီး စာမေးပွဲကျင်းပနေမှုနှင့် ကျောင်းသား/သူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာဖြေဆိုနေမှုအား ကြည့်ရှုအား ပေးခဲ့ကြသည်။ စာစစ်ဌာနကျောင်းများတွင် တာဝန်ရှိသူများအား ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန် မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မြိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စတုတ္ထနေ့အဖြစ် စာစစ်ဌာနကျောင်း(၅)ကျောင်းတွင် ဓာတု ဗေဒဘာသာရပ်ကို ကျောင်းသား/သူ(၂၄၁၂)ဦး နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/သူ(၈၆)ဦး စုစုပေါင်း ကျောင်းသား/သူ(၂၄၉၈)ဦးမှ စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိကြကာ စာမေးပွဲဖြေဆိုမှု ရာခိုင်နှုန်းအနေဖြင့် (၉၆.၇၁)ရာခိုင်နှုန်းရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ကျောင်းအသီးသီးတွင် တာဝန်ကျ ဆရာ/မများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကာ မြိတ်ခရိုင် နှင့် မြို့နယ် စာမေးပွဲကြီးကြပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက အတွင်းစည်း အပြင်စည်းများဖြင့် တာဝန်များ ခွဲဝေချထား၍ စာမေးပွဲကျင်းပလျက်ရှိကာ ကျောင်းသား/သူများက စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )

