ထားဝယ် ဖေဖော်ဝါရီ ၉
၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စက်ဘီးပြိုင်ပွဲတွင် ပထမဒိုင်းဆုဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးစက်ဘီးအသင်းအားဂုဏ်ပြုပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အောင်ပွဲရအားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင် က အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့်အခြေအနေအား ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်းသည် မိမိတိုင်း၊ မိမိဒေသ၏ ဂုဏ်အဆင့်အတန်းကို မြင့်မားတိုးတက်စေသော ကြောင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုလိုထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးသည် ပြေးခုန်ပစ်အားကစားနည်းတွင် နှင့် စက်ဘီးအားကစားနည်းတွင်မြန်မာ့လက်ရွေးစင် အားကစားသမားများကိုမွေးထုတ်ပေးနိုင်သော အစဉ်အလာရှိသည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့်တိုင်းဒေသကြီးနှင့်ပြည်နယ်စက်ဘီးပြိုင်ပွဲများတွင်ဆုရရှိမှုအခြေအနေမှာ၂၀၂၂ခုနှစ်ရွှေ(၃)ခု၊ငွေ(၁)ခု၊ ကြေး(၁)ခု ဖြင့်အမျိုးသမီးပထမဒိုင်းဆုကိုဒုတိယအကြိမ်ဆွတ်ခူးနိုင်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးစက်ဘီးအသင်း အနေ ဖြင့် ရရှိပြီးသော အောင်မြင်မှုများကို အနာဂတ်သို့တိုင်အောင် ထိန်းသိမ်း သယ်ဆောင်သွားနိုင်ရန်အတွက် မလျှော့သောဇွဲ၊ လုံ့လဝီရိယ၊ အားမာန်၊ စိတ်ဓာတ်များဖြင့် ဆက်လက်ကြိုးပမ်း အားထုတ်သွားကြရန်လိုအပ်ကြောင်း၊ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ရရှိလာသောဆုဖလားအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထံအပ်နှံပြီး ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စက်ဘီးပြိုင်ပွဲတွင် ပထမဒိုင်းဆုဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးစက်ဘီး အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဂုဏ်ပြုဆုငွေကျပ်(၃၀)သိန်း ချီးမြှင့်ပြီး တိုင်းဒေသကြီးစက်ဘီးအသင်း အုပ်ချုပ်သူ ဒေါအေးအေးဖြိုး က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

