ထားဝယ် စက်တင်ဘာ ၂၆
တနင်္သာရီတို်ငးဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်စီမံမှုဖြင့်ဖွင့်လှစ်သော အရန်သားဖွား(၆)လ သင်တန်း (ထားဝယ်ခရိုင်)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မိမိဒေသ မိမိရပ်ရွာမှာရှိသော ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက် မိခင်များ၊ ကလေးငယ်များကို ဒေသခံ(သင်တန်းရရှိထားသော)သင်တန်းသူများက အတိုင်းအတာတစ်ခုအထိ စောင့်ရှောက် ကူညီပေးနိုင်ရေးအတွက် သင်ကြားပေးမည့် သင်တန်းဖွင့်ပွဲ ဖြစ်သည့်အတွက် အကျိုးရှိ၊ မင်္ဂလာရှိပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အတွင်း အထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူလူထုများ၊ အမျိုးသမီးများ၊ ကလေးများကို စောင့်ရှောက်နိုင်ရန်နှင့်အထောက်အကူဖြစ်နိုင်ရန်ရည်ရွယ်ပြီး စေတနာ့ဝန်ထမ်း ကျန်းမာ ရေးလုပ်သားဖြစ်သော အရန်သားဖွားဆရာမများကို မွေးထုတ်ပေးနိုင်ရန် ယခုသင်တန်းကို စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ထားဝယ်ခရိုင်တွင်(၄၀)ဦး၊ မြိတ်ခရိုင်(၄၀)ဦး၊ ကော့သောင်းခရိုင်(၄၀)ဦးတို့ကို သင်တန်း တက်ရောက်နိုင်ရေး၊ နေထိုင်စားသောက်မှု၊ သင်တန်းသူများအတွက် လက်စွဲစာအုပ်၊ အခြားစီမံ ပေါင်းစပ်မှုစသည့်တို့ကို ကျခံစီမံဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ်ဝန် ဆောင်စောင့်ရှောက်မှုရရှိစေရန်၊ ကျွမ်းကျင်သူနှင့်စနစ်တကျဘေးကင်းစွာ မွေးဖွားစေရန်၊ မီးတွင်းမိခင် စနစ်တကျစောင့်ရှောက်မှုရစေရန် စသည့်အချက်များသည် မိခင်နှင့်ကလေးကျန်းမာရေးအတွက် အရေး ကြီးဆုံး အခြေခံအချက်များဖြစ်ကြောင်း၊ သင်တန်းကာလ(၆)လအတွင်း စာတွေ့လက်တွေ့ သင်ယူ ကြသည့် အခါတွင် သေချာစွာနားလည်တက်ကျွမ်းစေရန် ကြိုးစားကျက်မှတ် သင်ယူလေ့လာပြီး လက်တွေ့လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊ သင်တန်းဖွင့်ပွဲမှသည် ပြီးဆုံးသည်အထိ ကျွမ်းကျင်စွာ တတ်မြောက်အောင်မြင်ကြပြီး အရည်အသွေးပြည့်ဝသော အရန်သွားဖွားဆရာမများဖြစ်ကြရန်နှင့် မိမိ ဒေသ၊ မိမိရပ်ရွာကို မိမိပညာဖြင့်ကောင်းမွန်စွာစောင့်ရှောက်နိုင်သူ များဖြစ်ကြပါစေကြောင်း ပြောကြား သည်။
ထို့နောက်တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက အရန် သားဖွားသင်တန်းဖွင့် ရခြင်းရည်ရွယ်ချက်၊ အရန်သားဖွားဆရာမများ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရား သူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်သားဖွားသင်တန်းသူ (၄၀)ဦး တို့က စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

