ထားဝယ် စက်တင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာဗိုလ်လုပွဲသို့တက်ရောက်လာသည့် မြိတ်မြို့နယ်အသင်းနှင့် ဘုတ်ပြင်းမြို့နယ်အသင်းတို့ ၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ က ကြည့်ရှုအားပေးရာ မြိတ်မြို့နယ်အသင်း က အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော် က ပွဲစဉ်တစ်လျှောက် အကူအညီပေးသောကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြု ဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသန့်ဇင်က အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကျွန်းစုမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသား ဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က အမျိုးသား(၃)ယောက် တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဘုတ်ပြင်းမြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးတို့က အမျိုးသား(၂)ယောက်တွဲနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆု ရရှိသည့် မြိတ်မြို့နယ်အသင်းအားလည်ကောင်း တစ်ဦးချင်းဆုနှင့် ငွေသား ဆုချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က အမျိုးသား(၂)ယောက်တွဲနှင့်(၃)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြိတ်မြို့နယ်အသင်းအား တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်သည်။ ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ချီးမြှင့်သည့် ဆုကြေးငွေများအပြင် တိုင်းဒေသကြီးပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဌ ဦးမြတ်မိုး က ဆုငွေ(၅)သိန်း ကျပ်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

