တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း တွေ့ဆုံပွဲကျင်းပ
ထားဝယ် စက်တင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး အသင်း တွေ့ဆုံပွဲကိုယနေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းအား လှိုက်လှုဲစွာကြိုဆိုပါကြောင်း၊ တိုင်းဒေသကြီးတွင်ခရီးသွားလာရေးလုပ်ငန်းအနေဖြင့် တနင်္သာရီတိုင်းတွင်ကျွန်းပေါင်း (၈၀၀)ကျော်ရှိပြီး ကျွန်း(၄၀)ကျွန်းတွင် အပန်းဖြေခရီးသွားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သောတန်ခိုးကြီးဘုရားများ၊ ထင်ရှားပြီးသာယာလှပသော ပင်လယ်ကမ်းခြေနေရာများအပြင် အပန်းဖြေဟိုတယ်များ၊ ကျွန်းပေါင်း များစွာရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်တည်းခိုရိပ်သာပေါင်း(၆၀)လုံးနှင့် အိပ်ခန်းပေါင်း(၂၄၃၃)ခန်းရှိကြောင်း၊ ယခုလက်ရှိတွင် ဆောက်လုပ်ပြီးစီးပြီးခရီးသွားများလာရောက် သည့်ကျွန်း(၈)ကျွန်းရှိကြောင်း၊ ကျွန်းပေါ်တွင်ဟိုတယ် ဆောက်လုပ်ထားပြီး အပန်းဖြေခရီးသွားလုပ်ငန်း ဆောင်ရွက်နေသောလုပ်ငန်း(၂)ခုရှိပြီး ဟိုတယ်လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံ၍ လုပ်ကိုင်လိုသူများစွာ ရှိပါကြောင်း၊ ဟိုတယ်များ၌လာရောက်အပမ်းဖြေသူများပြားပြီး နိုင်ငံခြားခရီးသွားများလာရောက် အပန်းဖြေနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ မွေးမြူရေးအနေဖြင့် ပုလဲမုတ်ခွံ မွေးမြူ ထုတ်လုပ်မှုအခြေအနေနှင့်
ပုလဲထုတ်လုပ်သည့်ကျွန်းစခန်းများအကြောင်း၊ ကမ္ဘာပေါ်တွင် ရွှေရောင်ပုလဲထွက်ရှိသည့် ဒေသရှားပါးပြီး လေ့လာချက်အရကမ္ဘာပေါ်တွင် (၂)နေရာ(၃)နေရာခန့်သာ ရှိပြီးတနင်္သာရီတိုင်းသည် တစ်နေရာအပါအဝင်ဖြစ်ပြီး ထွက်ရှိသောပုလဲအနေဖြင့် အကောင်းဆုံး ဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင်မေတ္တာနှင့်ဘန်းချောင်း ရေအားလျှပ်စစ်စီမံကိန်းရှိပြီး မြိတ်ခရိုင်တွင် မယွန်ရေအားလျှပ်စစ်၊ ဆာရာဝရေအားလျှပ်စစ်စီမံကိန်းဖြင့်ထုတ်လုပ်ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက် လျှက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားအနေဖြင့် ထားဝယ်ဒေသတွင် ဂက်စ်တာဘိုင်ဖြင့် ထုတ်လွှတ် ပေးလျက်ရှိပြီး ကျန်ရှိသောနေရာများတွင် ဒီဇယ်ဆီဖြင့်ပေးလျက်ရှိကြောင်း၊ သတ္တုလုပ်ငန်းအနေဖြင့် လုပ်ကွက်ပေါင်းအကြီး၊ အလတ်၊ အသေး(၃၅)ခုရှိကြောင်း၊ ဟိန္ဒားသတ္တုတွင်းသည် ထင်ရှားပြီး သတ္တုပါဝင်မှုနှုန်းလည်းများကြောင်း၊ ကံပေါက်သတ္တုတွင်းသည် သတ္တုသိုက်ကြီးမားသည်ဟု ပညာရှင်များ အဆိုအရသိရှိရပါကြောင်း၊ တိုင်းဒေသကြီးတွင် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး လက်ရှိမွေးမြူထားသည့် ကန်အရေအတွက် ၁၅၃ ကန်၊ တူးဖော်ပြီး ဆက်လက် မွေးမြူမည့်ကန်၂၆၂ ကန် တူးဖော်နေဆဲ ကန် ၁၄၆ ကန်၊ စုစုပေါင်း ၅၆၁ ကန် ရှိကြောင်း၊ ပုဇွန်မွေးမြူရေးကန်တစ်ကန်လျှင် ၂ ဧကခွဲခန့် ကျယ်ဝန်းပြီး၄ လခန့် မွေးမြူရပါကြောင်း၊ ၁ ကန် လျှင်ပျမ်းမျှ ပုဇွန်တန် ၄၀ ထွက်ရှိကြောင်း၊ ရေထွက်ကုန်များစွာရှိပြီး ငါး၊ ပုဇွန်၊ ဂဏန်းပျော့များ၊ ခရု၊ ကမာ စသည့်များထွက်ရှိကြောင်း၊ မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များ က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ပါကြောင်းပြောကြားသည်။
ထို့နောက် မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအသင်း၊ ဥက္ကဌ Mr .Anatoly Bulochnikov ၊ Deputy Chairman - Lieutenant Colonel Kyaw Htun ၊ Internation Business Project - Mr.Osin Valdimir တို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၊ မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်း၊ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

