တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနား သို့တက်ရောက်
ထားဝယ် အောက်တိုဘာ ၁
အောက်တိုဘာ ၁ ရက်နေ့ယနေ့တွင်ကျရောက်သည့် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်လာခဲ့ပြီး ၁၉၆၄ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ တွင် “ပြည်သူ့ရဲတပ်ဖွဲ့” ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ပြီး ရဲတပ်ဖွဲ့နေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၉၅ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့တွင် “ပြည်သူ့ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့” ဟု ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်“သစ္စာ၊ သမာဓိ၊ သတ္တိ” ဟူသည့်ဦးထိပ်ပန်ဆင်ထားသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကိုပိုမိုဆောင်ရွက်နိုင်ရန် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲပြီးနှစ်အလိုက်အစီအမံများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုဆိုလျှင် (၅၉)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ခေတ်အဆက်ဆက် ပြည်တွင်းလုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ၊မူးယစ် ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးဟူသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့်လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ အစဉ်ကာကွယ် စောင့်ရှောက်သည့်ရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်သွားကြရန် နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသော လုပ်ငန်းတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ရင်းရဲစည်းကမ်း၊ ရဲကျင့်ဝတ်များနဲ့အညီ စံပြပြုမူဆောင်ရွက်ခြင်းဖြင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် ပြည်သူလူထုတစ်ရပ်လုံးက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ခင်ကျော် က ရဲချုပ်၏ သဝဏ်လွှာအားဖတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ကမှုခင်းဖော်ထုတ်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှဒုရဲမှူး မြင့်နိုင်၊ ရဲတပ်ကြပ်သက်နေလင်း တို့(၂)ဦးနှင့်တရားမဝင်ကုန်ပစ္စည်းများ အများဆုံးဖမ်းဆီးနိုင်ခဲ့သူ ထားဝယ်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်အောင်သူအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က ရဲတပ်ကြပ်ကြီး သင်တန်းနှင့်ရဲအကြပ် ငယ်သင်တန်းတို့တွင် အကောင်းဆုံးကျောင်းသားဆုရရှိခဲ့သည့် အမျိုးသမီးတပ်ဖွဲ့ဝင်(၂)ဦးအား လည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးက ရဲတပ်သားသစ်အများဆုံးစုဆောင်း နိုင်သည့်(ပထမဆု)နှင့် (ဒုတိယဆု)တို့အားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ကျော်က နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး တို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူစွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်မှုထမ်းဟောင်း(၁)ဦး၊ ပြည်သူ့စစ် (၁)ဦး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁)ဦးတို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍တက်ရောက်လာသော ဧည့်သည်တော်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆောင်ရွက်ချက် များ Video Clip အား ပြသခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

