တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား သို့တက်ရောက်
ထားဝယ် အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော် ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ သယံဇာတရေးရာ ဝန်ကြီးဦးခင်မောင်မြင့် ၊ လူမှုရေးရာဝန်ကြီးဦးသန့်ဇင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယကတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်ကစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ် ရည်ရွယ်ချက် ကောင်းများစွာနှင့် ၂၀၁၆ ခုနှစ် အထိ(၂၂)ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပပေးနိုင်ခဲ့ခြင်းမရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် ရွက်ပုန်းသီးအနုပညာရှင်များစွာ ပေါ်ထွက်လာမှုနှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုနှစ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုလည်းဦးတည်ချက်(၄)ရပ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးကို ပြိုင်ပွဲဝင်ဘာသာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ၊ အကဲဖြတ်ပညာရှင်ကြီးများသိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်ရွက်ပုန်းသီးပြိုင်ပွဲဝင် လူငယ်မောင်မယ်များ အင်အားပြည့်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ (၂၄)ကြိမ်မြောက်ပြိုင်ပွဲတွင် ဘာသာရပ်(၁၈)မျိုးထဲမှ အဆင့်အမျိုးအစား(၅၂)မျိုးထိ တိုးတက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှူအမွေအနှစ်များ ထိန်းသိမ်းဖော်ထုတ် သည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်ကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် တနင်္သာရီတိုင်းဒေသကြီးဂုဏ်ဆောင် အနုပညာရှင်မျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်မည့် ရှမ်းတိုင်းရင်းသားရိုးရာအက၊ ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများနှင့် (၂၄)ကြိမ် မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် ဖျော်ဖြေရေးအဖွဲ့များက သီဆိုကပြဖျော်ဖြေတင်ဆက်နေမှုကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်မိဘများနှင့်ဝါသနာရှင်များက ကြည့်ရှု အားပေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ၂ဝ၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့်အသက်(၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့်တို့တွင် ပြိုင်ပွဲဝင်(၁၀၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

