ထားဝယ် စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊၂၀၂၃ ခုနှစ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး၊ ၂ဝ၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့်အသက်(၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့်တို့တွင် ပြိုင်ပွဲဝင်(၁၀၉)ဦးတို့၏ ယှဉ်ပြိုင်မှုများကို အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စိစစ်ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများ အလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူပြိုင်ပွဲဝင်များက ပြန်လည်ဖျော်ဖြေတင်ဆက်ကပြခဲ့ကြသည်။
ဆက်လက်၍ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြိုင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုပန်းခြင်း အားလည်းကောင်း၊ ဒိုင်ချုပ် အဖွဲ့နှင့် အကဲဖြတ်ဒိုင်အဖွဲ့ခေါင်းဆောင်များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်အား လည်းကောင်း ချီးမြှင့်ပြီး နေပြည်တော်တွင်ကျင်းပပြုလုပ်မည့်ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်မည့်တိုင်းဒေသကြီးအဆို၊အက၊ အရေး၊ အတီးအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ကာ တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

