ထားဝယ် အောက်တိုဘာ ၅
ထားဝယ်ရိုးရာသပိတ်မျောပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်မြို့၏ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိသော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို စည်ကား သိုက်မြိုက်စွာဖြင့်ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ရှေးနှစ်ပေါင်းများစွာကတည်းက ကျင်းပပြုလုပ်သော ပွဲတော်ဖြစ်သလို ထားဝယ်ရိုးရာယဉ်ကျေးမှု ကိုဖော်ဆောင်သော ရိုးရာသပိတ်မျောပွဲတော်လည်းဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ရိုးရာသပိတ်မျောပွဲတော်အားစည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေးနှင့် ဒေသခံပြည်သူ လူထုများ တက်ရောက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြော ကြားသည်။
ဆက်လက်၍တက်ရောက်လာသောလုပ်ငန်းကော်မတီဝင်များက အခမ်းအနားကျင်းပရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့်ကြိုဆိုနေရာချထားရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်း ထုတ်ပြန်ရေး၊ ဧည့်ခံကျွေးမွေးရေး စသည့်လုပ်ငန်း ကော်မတီများကရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များဖြည့်စွက် ဆွေးနွေးတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

