ထားဝယ် အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သားဖွား(၆)လသင်တန်း (ဒုတိယသုတ်)သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသူများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ စက်မှုလက်မှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မိမိဒေသမိမိရပ်ရွာမှာရှိသော ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက်မိခင်များ၊ကလေးငယ်များကို အတိုင်းအတာတစ်ခုအထိ ကျန်းမာရေးစောင့်ရှောက် ကူညီပေးနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူလူထုများ၊ အမျိုးသမီးများ၊ ကလေးများကို စောင့်ရှောက်နိုင်ရန်နှင့် အထောက်အကူဖြစ်နိုင်ရန် စေတနာ့ဝန်ထမ်းကျန်းမာရေးအရန်သားဖွား ဆရာမ များက ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အဓိကအနေဖြင့် ရပ်ကွက်/ကျေးရွာများတွင် ကျန်းမာရေးနှင့်သက်ဆိုင်သော အသက်အန္တရာယ်ကျရောက်နိုင်သည့်ရောဂါများ ဖြစ်ပွားလာပါက ကျန်းမာရေးဝန်ထမ်းနှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးပါက တန်ဖိုးရှိကြောင်း၊
ယခုသင်တန်းသို့ တက်ရောက်သင်ကြားနေခြင်းမှာ တန်ဖိုးရှိသောလူငယ်ဘဝများကို တန်ဖိုးရှိစွာအချိန်ကို အသုံးပြုခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နေထိုင်စားသောက်မှုများ အဆင်ပြေရေး၊ သင်တန်း သူများအတွက်လက်စွဲစာအုပ်များ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိဒေသ၊ မိမိရပ်ရွာကိုမိမိ ပညာဖြင့် ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်နိုင်သူများဖြစ်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သောအကူအညီများကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေထိုင် စားသောက်မှုများအဆင်ပြေစေရေးနှင့် သင်တန်းသူများအတွက်၍ မကြာခဏလာရောက် ကြည့်ရှပြီး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
သားဖွားဆရာမများအနေဖြင့် မိမိရပ်ကွက်/ကျေးရွာရောက်ရှိ ပါက စေတနာနှင့်ဆက်ဆံရေးအကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြီး ရပ်ကွက်ကျေးရွာနေ ပြည်သူ များကို ကူညီဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန်(၃၀)အိတ်နှင့် ဆီ(၅၀)ပိဿာအား ထောက်ပံ့ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူများအား ရင်းရင်းနှီးနှီးနူတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

