ထားဝယ် အောက်တိုဘာ ၁၃
ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း(၄/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများ အားကြိုဆိုပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီ ကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းပြည်၏အနာဂတ်သည် လူငယ်များ လက်ထဲတွင်ရှိသလို၊ လူငယ်များ၏အနာဂတ်သည်ဆရာ၊ ဆရာမများလက်ဝယ်ရှိသောကြောင့် ဆရာ များ၏စွမ်းရည်အလွန်ပဓာနကျကြောင်း၊ ယနေ့မျက်မှောက်ခေတ်ကာလသည် ပညာခေတ်ဖြစ်သည်နှင့် အညီ ဆရာများအခန်းကဏ္ဍသည်လည်း အခရာကျကြောင်း၊ နိုင်ငံ့အနာဂတ်ရင်သွေးငယ်များ၏ စာပေ ပညာတတ်မြောက်ရေး၊ ပညာရည်မြင့်မားရေးအတွက် အခက်အခဲ၊ အကျပ်အတည်းများကြားမှ ဆရာ ဟူသော မွန်မြတ်လှသော ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သော စိတ်ထားများဖြင့် သင်ကြားရေး တာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိသည့်ဆရာ၊ ဆရာမများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဆရာသည်စာကိုလည်းသင် လူကိုလည်းပြင်၊ ဗလငါးတန်ဖွံ့ဖြိုးအောင်လည်း လေ့ကျင့်သင်ကြားပေးခြင်း ဖြင့်ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ရမှာဖြစ်ကြောင်း ၊နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ပညာရေးကောင်းမွန် လာခြင်းမဟုတ်ကြောင်း၊ ပညာရေးစနစ်၊ ပညာရေးကဏ္ဍ မြင့်မားကောင်းမွန် လာခြင်းကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ကြောင်း၊ ယခုအခါ ပညာရေးပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လျက်ရှိရာ ပြောင်းလဲလာသော ပညာရေးစနစ်များ၊ သင်ပြနည်း ချည်းကပ်နည်းများနဲ့ လိုက်လျောညီထွေရှိစေရန် ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မိမိတို့၏တာဝန်ဝတ္တရား ပေါ်တွင် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာအပြင် မေတ္တာ၊ ကရုဏာ၊ အကြင်နာ ကြီးမားစွာဖြင့် ခေတ်မီ ဆန်းသစ်သော သင်ကြားနည်းများဖြင့် သင်ကြားပေးမည်ဆိုပါက အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့တွင်ထူးချွန်ဆုချီးမြှင့်ခံရသော ထားဝယ်ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုကာ သင်တန်းသား/သူများ အတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ် ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ သင်တန်းသူများက ပြည်ထောင်စုရဲ့ထာဝရအလှ၊ ပြည်ထောင်စုအင်အား၊ ပန်းကလေးများရဲ့ ဥယျာဉ်မှူးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ကြည့်ရှု အားပေးပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နူတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

