ထားဝယ် အောက်တိုဘာ ၁၈
“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊မညီမျှမှုတွေတိုက်ဖျက်စို့”ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုကနှစ်စဉ်အောက်တိုဘာလဒုတိယအပတ်၏ နေ့တစ်နေ့ကို “ အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့(International Day for Disaster Risk Reduction -IDDRR)” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီးတွင်ကျင်းပခဲ့သည်မှာယခုဆိုလျှင်( ၉ )ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊
နိုင်ငံတော် အနေဖြင့် သဘာဝဘေးအန္တရာယ်များကျရောက်သည့်အချိန်တွင် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှလျော့နည်းသက်သာစေရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိရာမှာ ဒေသတွင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်ချိတ်ဆက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘေးမဖြစ်ပွားမီကပင် လိုအပ်သောကြိုတင်ပြင်ဆင်မှု၊ကြိုတင်ကာကွယ်မှုများဆောင်ရွက်လျက်ရှိပြီး ဘေးဖြစ်ပွားပါက လည်းလိုအပ်သည့်အရေးပေါ်တုံ့ပြန်မှုများကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်း
၊ပြည်သူများ ၏လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေးအတွက် ယခုနှစ် ဆောင်ပုဒ်ဖြစ်တဲ့ “ Fighting Inequality for A Resilient Future" "ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့”ဆိုတဲ့ဆောင်ပုဒ်အတိုင်း ပြည်သူများ အတွက် ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင် တုံပြန်နိုင်စွမ်းရှိသောလူ့အသိုက်အဝန်းတခုဖြစ်ပေါ်စေရေးနှင့် ပြည်သူလူထုများကြား ရင်ဆိုင် ကြုံတွေ့နေသောကဏ္ဍအလိုက်မညီမျှမှုများကို တိုက်ဖျက်နိုင်ရန်အတွက် လူတစ်ဦး တစ်ယောက်ချင်းစီက တာဝန်သိစိတ်ကိုယ်စီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်
ထို့နောက်အထွေထွေအတွင်းရေးမှူးချုပ်၏ ကုလသမဂ္ဂသဝဏ်လွှာ သတင်းစကားရုပ်သံ(Video Message)အား လည်းကောင်း၊ မိုခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းတင်ဗီဒီယိုအား လည်းကောင်း၊ မညီမျှခြင်းမှသည်ညီမျှခြင်းဆီသို့ စင်တင်ပြဇာတ်တို တင်ဆက်နေမှုအား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများကကြည့်ရှုအားပေးပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အထက်တန်းအဆင့်၊ သရုပ်ဖော်ပန်းချီပြိုင်ပွဲ တွင် ဆုရရှိသည့်ကျောင်းသား/သူများအား ဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာသဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်ဓာတ်ပုံပြခန်းအား လှည့်လည်၍ ကြည့်ရှုအားပေးခဲ့ကြောင်းသတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

