ထားဝယ် အောက်တိုဘာ ၂၃
၂၀၂၃ ခုနှစ်၊ ဗဟိုအဆင့်ပြည်နယ်နှင့်တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဒိုင်း ဆုနှင့်စုပေါင်းတံခွန်စိုက်ဒိုင်းဆုဆွတ်ခူးရရှိသော ပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်း အနားကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် ပြေးခုန်ပစ် အားကစားနည်းတွင် မြန်မာ့ လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်သောအစဉ် အလာရှိသည့်တိုင်းတစ်ခုဖြစ်ကြောင်း၊၂၀၂၂ခုနှစ်တွင်ကျင်းပသောပြည်နယ်နှင့်တိုင်းဒေသကြီးမြန်မာ့လက်ရွေးစင်အားကစားပြိုင်ပွဲတွင် ရွှေ(၈)ခု၊ ငွေ(၉)ခု၊ ကြေး(၅)ခုနှင့် အမျိုးသမီးတံခွန်စိုက်ဒုတိယဆွတ်ခူးနိုင် ခဲ့ပြီး၂၀၂၃ခုနှစ်တွင် မီတာ ၁၀၀ ပြေးခုန်ပစ်၌ မြန်မာပြည်စံချိန်ချိုးခဲ့သည့် ရွှေတံဆိပ်ဆုတစ်ဆုအပါ အဝင် ရွှေ(၂၄)ခု၊ ငွေ(၇)ခု ကြေး(၃)ခုနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုတို့ကို ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြေးခုန်ပစ်အားကစားသမားများ နိုင်ငံတော်အဆင့်ပြိုင်ပွဲကွင်းတွင် သွားရောက်ယှဥ်ပြိုင်သည့် ပြိုင်ပွဲကွင်းပြေးလမ်းအတိုင်း လေ့ကျင့် ယှဉ်ပြိုင်နိုင်အောင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ် (၇၉၈)သန်း အကုန်ကျခံပြီး Synthetic ပြေးလမ်းကို တိုင်းအားကစားကွင်းမှာဆောက်လုပ်ပေးခဲ့သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၀ခုနှစ်တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း မီတာ(၄၀၀) ပြေးလမ်းကို Synthetic ပြေးလမ်းခင်း ပေးခဲ့ခြင်းသည်လည်း အောင်မြင်မှုများ၏ သော့ချက်တစ်ခု ဖြစ်ကြောင်း၊ အသက်(၁၈) နှစ် အောက်နှင့် အသက် (၂၅)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲများတွင် အကြိမ်ကြိမ်အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော ပြေးခုန်ပစ်အား ကစား သမားများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သော်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသော ပြည်သူလူထုများ၏ ကိုယ်စားသော်လည်းကောင်း များစွာနှစ်ထောင်းအားရချီးကျူးဂုဏ်ပြုပါကြောင်း တိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့အနေဖြင့် ရရှိပြီးသော အောင်မြင်မှုများကိုအနာဂါတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင် သွားနိုင်ရန်အတွက် မလျော့သောဇွဲ၊ လုံ့လ ဝီရိယ၊ အားမာန်၊ စိတ်ဓါတ်များဖြင့် ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်၊ “တရားသဖြင့် ယှဉ်ပြိုင်၊နိုင်အောင်ကြိုးပမ်း”၊“ယှဉ်ပြိုင်လျှင်နိုင်ရမည်ဆိုသည့်ဆောင်ပုဒ်များကိုလက်ကိုင်ထားပြီး တိုင်း ဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ် ကြောင်းပြောကြားသည်။ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က အောင်နိုင် ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့် အခြေအနေအားရှင်းလင်းတင်ပြပြီး တာဝန်ရှိ သူများက ရရှိလာသော ဆုဖလားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံအပ်နှံသည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ကရွှေတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုငွေ(၁၈၀) သိန်းကျပ်အား လည်းကောင်း၊ ငွေတံဆိပ်ဆုရရှိသူများအားဂုဏ်ပြုဆုငွေ(၂၁)သိန်းကျပ်အားလည်းကောင်း၊ ကြေးတံဆိပ် ရရှိသူများအားဂုဏ်ပြုဆုငွေ (၄)သိန်း(၅)သောင်း ကျပ်အားလည်းကောင်း၊ စတုတ္ထ၊ ပဥ္စမ၊ ဆဌမ၊ ရရှိသည့် ကစားသမား(၉)ဦးအား ဂုဏ်ပြုဆုငွေ(၄)သိန်း(၅)သောင်းကျပ်အားလည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲစံချိန်ချိုးသူ (၅)ဦးအား ဂုဏ်ပြုဆုငွေ(၁၁)သိန်း ကျပ်အားလည်းကောင်း၊ မြန်မာပြည် စံချိန်ချိုးသူ မောင်ထက်ရှိုင်းအောင်အား ဂုဏ်ပြုဆုငွေ(၁၀)သိန်းကျပ်အားလည်းကောင်း၊ အုပ်ချုပ်/ နည်းပြ/ဒိုင်အဖွဲ့အားဂုဏ်ပြုဆုငွေ(၁၈)သိန်းကျပ်အားလည်းကောင်း၊ ပြေးခုန်ပစ်ဆပ်ကော်မတီက ဂုဏ်ပြုဆုငွေ (၁၀) သိန်း ကျပ်အားလည်းကောင်း၊ ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာ နှင့်မိခင်နှင့် ကလေးအဖွဲ့ကဆုရအားကစားသမားများအား ဂုဏ်ပြုဆုငွေ(၁)သိန်း(၅)သောင်းကျပ်အား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပြီး ဆုရအားကစားသမားများကိုယ်စား ပြေးခုန်ပစ်အသင်းအုပ်ချုပ်သူ ဒေါ်သန်းသန်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

