ထားဝယ် နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပမည့် ၂၀၂၃ ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက (၁၃)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသည် ဒုတိယအကြိမ်အစည်းအဝေးဖြစ်ကြောင်း၊ စုပေါင်းမဟာဘုံကထိန်လှည့်လည်ရေးနှင့် အလှူတော် မင်္ဂလာအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆုံးဖြတ်ပေးရမည့်ကိစ္စရပ်များကိုသက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊
အဓိကသံဃာတော်များအား ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်သည်များအားကျွေးမွေး ဧည့်ခံရေးလုပ်ငန်း၊ လှည့်လည်ပူဇော်မည့်လုပ်ငန်းများသည် ပြည်သူလူထုအနေဖြင့် ကုသိုလ်ယူ နိုင်ရေးနှင့်ကြည်နူးဝမ်းသာ ပီတိဖြစ်စေရေးအတွက် ကထိန်ခင်းလှည့်လည်ရခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်းအထွဋ်အမြတ် ထားသော ကထိန်ခင်းကာလဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီစည်ကား သိုက်မြိုက်စွာဖြင့်ပျော်ပျော်ရွင်ရွင်ဖြစ်အောင်ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။
ထိုနောက်လုပ်ငန်းကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး လုပ်ငန်း၊ဘဏ္ဍာငွေဆိုင်ရာနှင့် ပဒေသာပင်လှူဒါန်း ရေးဆိုင်ရာလုပ်ငန်း၊ သံဃာ့တော်များပင့်ဆောင်ရေး၊ ပဒေသာပင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလက်ခံဆက်ကပ်ရေး လုပ်ငန်း၊ ပဒေသာပင်များနေရာချထားရေး၊ ထိန်းသိမ်းရေးနှင့်ပို့ဆောင်ရေး လုပ်ငန်း၊ ဖိတ်ကြားရေး၊ ပြန်ကြားရေး နှင့်သတင်းထုတ်ပြန်ရေး လုပ်ငန်း၊ ကျန်းမာရေးနှင့်လုံခြုံရေးလုပ်ငန်း၊ ပဒေသာပင်များလှည့်လည်ပူဇော်နိုင်ရေး လုပ်ငန်း၊ ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေး၊ ချက်ပြုတ်ရေးနှင့်ဧည့်ခံကျွေးမွေးရေးလုပ်ငန်း စသည့်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)

