ထားဝယ် နို၀င်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် တေရသမ(၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ကျင်းပရာရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက သာသနာ့ ဗိမာန်တော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်း နှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများအား ဆက်ကပ်လှူဒါန်းပူဇော်သည်။
ထို့နောက် ဆရာတော်ကြီးများအား အခမ်းအနားဖြင့် ပင့်ဆောင်ပူဇော်ရာ မင်္ဂလာဝိုင်းတော်အဖွဲ့က စည်တော်ဖြင့် ပူဇော်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော ဖိတ်ကြားထားသောဧည့်သည် တော်များက “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကာ မင်္ဂလာ ဝိုင်းတော်အဖွဲ့က ထူးမခြားနား သီချင်းဖြင့် သီဆိုပူဇော် ခဲ့ကြသည်။
ဆက်လက်၍ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များ ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကနိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြသည်။
ဆက်လက်၍ ဖိတ်ကြားထားသောဧည့်သည်တော်များက အခမ်းအနားကို“ ဗုဒ္ဓသာသနံ စိရံတိဌတု “သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းပြီး တေရသမ(၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားအောင်မြင်ကြောင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးရွာ သွန်းဖြိုးကာ မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေဓမ္မတေးဖြင့် သီဆိုပူဇော်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
တေရသမ(၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ငွေပဒေသာပင် (၁၃၇ ) ပင် လှူဒါန်းရရှိပြီး ပစ္စည်းနှင့်ငွေပဒေသာပင်တန်ဖိုး စုစုပေါင်း( ၈၅၇ သိန်း ၄သောင်း ၉ထောင် ၈ ရာ ၅၀ ဆယ်)ကျပ် အလှူခံရရှိကာ ငွေပဒေသာပင်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

