ထားဝယ် သြဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုနှင့်အတူ တိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါဝေဒနာရှင်များအပါအဝင် အောက်ဆီဂျင်လိုအပ်သည့် ရောဂါဝေဒနာရှင်များအတွက် အောက်ဆီဂျင်လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး ရည်ရွယ်လျက် တစ်ရက်လျှင် ၄၀ လီတာဝင် အောက်ဆီဂျင်အိုး လုံးရေ ၂၀၀ အထိ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံကို ထားဝယ်မြို့၊ ကမျောကင်းလမ်း၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အနောက်ဘက်၌ တည်ဆောက်လျက်ရှိရာ သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ကတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အောက်ဆီဂျင်စက်ရုံ ပင်မအဆောက်အဦအတွင်း တပ်ဆင်ထားရှိသည့် အောင်ဆီဂျင်စက်နှင့်အောက်ဆီဂျင်စမ်းသပ်ထုတ်လုပ်နေမှုတို့ကိုကြည့်ရှုစစ်ဆေးရာ အောက်ဆီဂျင်စက်တပ်ဆင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက စက်တပ်ဆင်ထားရှိမှုအခြေအနေများ နှင့် အောက်ဆီဂျင်ထုတ်လုပ်မှုအခြေအနေတို့ကို ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို စနစ်တကျ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသောအောက်ဆီဂျင်ထုတ်လုပ်မှုဆိုင်ရာ သတ်မှတ်စံများနှင့်အညီထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အောက်ဆီဂျင်စက်ရုံဝင်းအတွင်း ဆောက်လုပ်လျက်ရှိသည့် အုပ်ချုပ်မှု အဆောက်အဦအပါအဝင် တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်စစ်ဆေးကြည့်ရှုရာ အောက်ဆီဂျင်စက်ရုံတည် ဆောက် ရေး ကြီးကြပ်မှု ကော်မတီနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ယခင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း လိုအပ်သည့်အောက်ဆီဂျင်များရရှိရေးအတွက် အခြားဒေသများမှ ဝယ်ယူခဲ့ရပြီး ယခုအခါ ဆေးရုံတက် လူနာများအတွက် လိုအပ်မည့် အောက်ဆီဂျင် လုံလုံလောက်လောက် ရရှိနိုင်ရန် အဆိုပါစက်ကိုတည်ဆောက်ခဲ့ခြင်ူဖြစ်ကြောင်း၊ အဆိုပါစက်မှာ တစ်နာရီလျှင် ၄၀လီတာဝင် အောက်ဆီဂျင်အိုး အလုံးရေ ၁၀လုံးအထိ ထုတ်လုပ်နိုင်ပြီး၊ တစ်ရက်လျှင် အလုံးရေ ၂၀၀ ထိထုတ်လုပ်နိုင်ကြောင်း၊ ထို့အပြင် ထားဝယ်မြို့ပြည်သူ့ဆေးရုံ တွင် တစ်ရက်လျှင် အလုံးရေ ၁၀၀ နှင့် တစ်ရက်လျှင်အလုံးရေ ၇၀ ထုတ်လုပ်နိုင်သည့် စက် တစ်လုံးကိုလည်းကောင်း၊ အလားတူ မြိတ်မြို့တွင် တစ်ရက်လျှင် အလုံးရေ၂၀၀ထုတ်လုပ်နိုင်သည့်စက်တစ်လုံးနှင့်အလုံးရေ ၁၀၀ ထုတ်လုပ်နိုင်သည့် စက် တစ်လုံးကိုလည်းကောင်း၊ ကော့သောင်းမြို့တွင် တစ်ရက်လျှင် အလုံးရေ၂၀၀ထုတ်လုပ်နိုင်သည့်စက်တစ်လုံး နှင့်အလုံးရေ ၁၀၀ ထုတ်လုပ်နိုင်သည့် စက် တစ်လုံးကိုလည်းကောင်း တပ်ဆင် တည်ဆောက်လျက်ရှိပြီး စက်ရုံများမှ ထွက်ရှိသည့် အောက်ဆီဂျင်များကို တိုင်းဒေသကြီးအတွင်း လိုအပ်လာမည့်နေရာများတွင် စနစ်တကျ ဖြန့်ဝေဆောင်ရွက် သွား မည်ဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါအောက်ဆီဂျင်စက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့်လည်းကောင်း၊ ထားဝယ်မြို့ အောက်ဆီဂျင် စက်ရုံပင်မ အဆောက်အဦကို တနင်္သာရီတိုင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ဆောက်လုပ်လှူဒါန်းခြင်းဖြင့်လည်းကောင်း၊အုပ်ချုပ်မှုအဆောက်အဦ တစ်လုံးကို တိုင်းဒေသကြီး ငါးဆရာများအဖွဲ့က ဆောက်လုပ်လှူဒါန်းခြင်းဖြင့်လည်းကောင်း၊အခြားလိုအပ်သောတည်ဆောက်ရေးလုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များ၊ တိုင်းဒေသကြီးအတွင်းဌာနဆိုင်ရာများ၏ လှူဒါန်းမှုတို့နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီး ကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
( တိုင်းဒေသကြီး ပြန်/ဆက်)

