မြိတ် နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ နိုဝင်ဘာ(၂၂)ရက် နေ့လယ်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပသည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)တို့တွင် မြိတ် ခရိုင်မှ ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ဂုဏ်ပြုချီးမြင့်ရာတွင် ဝန်ကြီးချုပ် ဦးမြတ်ကို က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဦးတည်ချက်(၄)ရပ်ချမှတ်ပြီး (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊
တနင်္သာရီတိုင်းဒေသကြီးမှ မျိုးဆက်သစ် ရွက်ပုန်းသီးပြိုင်ပွဲဝင် လူငယ်မောင်မယ်များအနေဖြင့် အဆို ဘာသာရပ်၊ မဟာဂီတ၊ ကာလပေါ်တေး/ခေတ်ဟောင်းတေး၊ အမျိုးဂုဏ် ဇာတိဂုဏ်တေးသီချင်းများ ကဏ္ဍတို့ တွင် (၂၂)ဦး၊ အကဘာသာရပ်တွင်(၆၄)ဦး၊ အရေးဘာသာရပ်တွင်(၂)ဦး၊ အတီးဘာသာရပ်တွင်(၂၃)ဦး၊ ပြိုင်ပွဲဝင် စုစုပေါင်း (၁၀၇)ဦးဖြင့် ပိုမိုပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်ဆု (၄)ဆု၊ ငွေတံဆိပ်ဆု (၃)ခု၊ ကြေးတံဆိပ်ဆု (၁၂)ခု၊ ဂုဏ်ပြုဆု (၁)ခု၊ စုစုပေါင်း(၂၀)ခုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် အဆင့်(၉)ရရှိ၍ အောင်မြင်မှု များ ရရှိခဲ့ကြောင်း၊ ယခုနှစ် တွေ့ကြုံရသော ပြိုင်ပွဲဝင် အားနည်းချက်များကို အားသာချက်များအဖြစ် ပြောင်းလဲ ကာ လာမည့်နှစ်ပြိုင်ပွဲတွင်လည်း တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေးအတွက် ပြိုင်ပွဲဝင် လူငယ်မောင်မယ်များ အနေဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)တို့တွင် မြိတ်ခရိုင်မှ ဆုရရှိကြသူများအား ဝန်ကြီးချုပ် ၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဆုရရှိကြသူများကိုယ်စား ဆုရရှိသူ ဦးမိုးထက်အောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင်မောင်မယ်များအား ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက လက်ဘက်ရည်ဝိုင်းဖြင့် ဂုဏ်ပြုခဲ့ကြသည်။
ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများက မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တွင် ကုမ္ပဏီ ဝန်ထမ်းများနှင့် မိသားစုဝင်များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဖြင့် Biometric အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြင့် စာရင်း ကောက်ယူ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
မြိတ်မြို့နယ်တွင်Biometric Data များ စာရင်းကောက်ယူဆောင်ရွက်ခြင်းကို ဇွန်လ(၃၀)ရက်မှ စတင်၍ စာရင်းကောက်ယူဆောင်ရွက်ပြီးစီးသည့် တစ်ဦးချင်းစီအား QR Code ပါသည့် UID နံပါတ် စာရွက်ပြန်လည်ထုတ် ပေးလျက်ရှိရာ ယနေ့အထိ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ တက္ကသိုလ် ဆရာ/မများနှင့် ကျောင်းသား/သူ များ၊ ပြည်သူလူထုများ စုစုပေါင်း(၁၁၆၀၆)ဦးကို စာရင်းကောက်ယူဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

