ထားဝယ် ဒီဇင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင်ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်မှ (၁၅)ရက်ထိ နေပြည်တော်မှာကျင်းပပြုလုပ်မည့် ပညာရေးဝန်ကြီးဌာန ဗဟိုအဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်၌ သွားရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အောင်နိုင်ရေးအလံပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် ပညာရည်မြင့်မားရေးကိုအထောက်အကူပြုစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အသိဉာဏ်ပွင့်လင်းမှုပိုမိုရရှိလာစေရေး၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများမှတဆင့် နိုင်ငံ့ကိုယ်စားပြုအားကစားသမားများ ပေါ်ထွက် လာစေရေး၊ နိုင်ငံတော်၏အားကစား အဆင့်အတန်းမြင့်မားလာစေရေးအတွက် အားကစား အမျိုးအစားအလိုက် ရွက်ပုန်းသီးအားကစားသမားကောင်းများကို ဖော်ထုတ်ပြီးလေ့ကျင့်ပေး နိုင်ရေးတို့အတွက်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့သည် နေပြည်တော်တွင် ကျင်းပမည့်အားကစားနည်း(၇)မျိုးကို သွား ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများပေါ်ထွန်းလာအောင် နည်းလမ်းအမျိုးမျိုး ဖြင့်အားပေးချီးမြှောက်လျက်ရှိကြောင်း၊ နေပြည်တော်ကျောင်းသားအားကစားပွဲတော်တွင် တိုင်းဒေသကြီးအနေဖြင့် စတုတ္ထအကြိမ်ကျင်းပခဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ အမျိုးသမီး (ဘော်လီဘော)ရွှေတံဆိပ်ဆု၊ အမျိုးသား(ပိုက်ကျော်ခြင်း) ကြေးတံဆိပ်ဆုနှင့် အမျိုးသား၊ အမျိုးသမီး ပြေး၊ခုန်၊ပစ်မှာ ရွှေ(၁၁)ခု၊ ငွေ(၄)ခု၊ ကြေး(၆)ခုရရှိခဲ့သည့်အတွက် အားကစားသမား များအနေဖြင့် အလေးအနက်ထားရန်၊ တိုင်းဒေသကြီး၏ဂုဏ်ကို တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်း မြှင့်တင်ရန်၊ အောင်မြင်မှုစံချိန်ထက်ကျော်လွှားအောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန်နှင့် တနင်္သာရီတိုင်းဒေသကြီး ဂုဏ်ကိုဆောင်နိုင်မယ့် အောင်မြင်မှုများကိုအရယူလာကြရန် လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူး ညွှန်ကြားရေးမှူးဦးဝင်းနောင် က တိုင်းဒေသကြီး လက်ရွေးစင်ကျောင်းသားအားကစားအဖွဲ့ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် နေပြည်တော်ကျောင်းသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့်အစီအစဉ်ကို ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ရွေးစင်ကျောင်းသား အားကစားအဖွဲ့အား ထောက်ပံ့ငွေကျပ်(၁၇၉ သိန်း ၅ သောင်း ၃ထောင် )ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က လက်ရွေးစင် ကျောင်းသားအားကစားအဖွဲ့ အား အောင်နိုင်ရေးအလံပေးအပ်ပြီး အားကစားအဖွဲ့များကိုယ်စားအတွင်းရေးမှူးဦးမင်းဦး က ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က အားကစားအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


