ထားဝယ် ဒီဇင်ဘာ ၂
ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွဲရေးတို့အတွက် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး ကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလစုပေါင်း လမ်းလျှောက်ပွဲ(ပထမပတ်) ကို ယနေ့နံနက် ၆ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ထိုနောက် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တာလွှတ်၍ ဖွင့်လှစ်ပေးပြီးလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ သူများက ရွှေဝယ်သီရီအားကစားကွင်းအတွင်း ဝိုင်းပတ်၍ ၁ မိုင်ခွဲ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)ကို စုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။
ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ(ပထမ)အပတ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးကောလိပ်မှ ကျောင်းသား/ကျောင်းသူများl အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့်ကျောင်းသား /ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း( ၁၈၀၀ )ခန့်ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ် စနေနေ့တိုင်း စည်ကား သိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက တနင်္သာရီတိုင်း ဒေသကြီးလူငယ်ရေးရာ ကော်မတီမှကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှု အားကစားပြိုင်ပွဲများအားကြည့်ရှု့အားပေးပြီး ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ပြိုင်ပွဲများတွင်ပါဝင် ယှဉ်ပြိုင်သောမသန်စွမ်း အားကစားသမား(၂၄)ဦးအား စုစုပေါင်းငွေကျပ်(၆၃၀၀၀၀)အား ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

