ထားဝယ် ဒီဇင်ဘာ ၃
“စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ် နှင့်အညီ ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို က နှစ်စဉ်ဒီဇင်ဘာလ(၃)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်ကျင်းပလျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်မသန်စွမ်းသူများက လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုဆောင်ရွက်နိုင် ခြင်းများကို ကျေးဇူးပြုသောအားဖြင့်လည်းကောင်း၊ မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်းအတွင်း အများနည်းတူစွမ်းဆောင်နိုင်စွမ်းရှိခြင်း၊ အသုံးဝင်တန်ဖိုးရှိခြင်းတို့ကို အသိအမှတ်ပြုသောအားဖြင့် လည်းကောင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို ၁၉၉၄ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း မသန်စွမ်းမှုကိုအကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ အကြမ်းဖက်ခြင်းများမရှိစေရန် မသန်စွမ်းမှုဆိုင်ရာအသိပညာမြင့်မားစေရေးအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် အသိပညာပေးများဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးများပြုစု စောင့်ရှောက်မှုအသိပညာပေးသင်တန်းကို ကိုယ့်အားကိုယ်ကိုးမူကြိုဆရာမများ၊ ပရဟိတဂေဟာရှိ ပြုစုစောင့်ရှောက်သူများအား သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီးရှိ(၄)ခရိုင် အတွင်း မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာအသိပညာပေးသင်တန်းများ၊ မသန်စွမ်းမှုအမျိုးမျိုးနှင့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာစစ်ဆေး ပံ့ပိုးခြင်းဝန်ဆောင်မှု(Early Childhood Intervention Services-ECI) ဆိုင်ရာအသိပညာပေးခြင်း များကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားဆောင်ပုဒ် နှင့်အညီ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် မသန်စွမ်းသူများ အကျုံးဝင်ပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းတည်ဆောက်ရာတွင် တီထွင်ဆန်းသစ်သည့်နည်းလမ်းများကို ရှာဖွေအသုံးပြုကြရန်၊ ပြည်သူများအနေဖြင့် မသန်စွမ်း သူများ အကျုံးဝင်ပါဝင်နိုင်ရေးပူးပေါင်းပါဝင် ဖော်ဆောင်ပေးကြရန်၊ မသန်စွမ်းသူများကိုယ်တိုင် လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာ Video Message အား လည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာဆောင်ရွက်ချက်များ မှတ်တမ်း Video အားလည်းကောင်း ၊ မသန်စွမ်းသူများက တောင်တန်းစိမ်းနှင့်ပင်လယ်ပြာသီချင်းဖြင့် ဖျော်ဖြေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ က ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က အခြေခံပညာအထက်တန်းအဆင့်နှင့် အခြေခံ ပညာအလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က မသန်စွမ်းဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

