ထားဝယ် ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်း ပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်၏စီးပွားရေးဖွံဖြိုးတိုးတက်မှုကိစ္စရပ်များ၊ တိုင်းဒေသကြီး၏စီးပွားရေး ဖွံဖြိုး တိုးတက်မှုများ အပေါ်မူတည်ပြီး တိုင်းဒေသကြီးအတွင်းမှာရှိသောစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်းမှာရှိသော စီးပွားရေးလုပ်ငန်းများအောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် United K.M.K Co., Ltd. က ကွင်းအမှတ် (၁-OSS)၊ ဒုံးကြေးတိုင်ပြင်ကွင်း၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်၊ မြိတ်ခရိုင်ရှိ မြေဧရိယာ (၁၂) ဧကတွင် ဟိုတယ်နှင့်ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများအားလည်းကောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ကွင်းအမှတ် (၁၈/OSS)၊ အမြားကြေးတိုင်ပြင်ကွင်း၊ အမြားကျေးရွာအုပ်စု၊ ထားဝယ်မြို့၊ ထားဝယ်ခရိုင်၊ တိုင်းဒေသကြီးရှိ မြေဧရိယာ စုစုပေါင်း ၁၀ ဧက တွင် ဟိုတယ် နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသော Kento Trading Co., Ltd. က တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့်ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ကြပြီးဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


