ထားဝယ် ဇန်နဝါရီ ၂၆
ရန်ကုန်ဇုံနှင့် နေပြည်တော် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များဆွတ်ခူးရရှိသည့် အားကစား အဖွဲ့များကို ဂုဏ်ပြုပွဲအခမ်းအနားအား ယနေ့မွန်းလွဲ ၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာ့ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူအနေဖြင့် နောင်အနာဂတ်တွင် ဆရာ၊ဆရာမ အဖြစ် အသက်မွေးဝမ်းကြောင်းပြုမည့်သူများဖြစ်သလို အားကစားပြိုင်ပွဲများတွင်လည်းထိုက်သင့်သောအောင်မြင်မှု များရရှိခဲ့သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်များစွာ ချီးကျူးဂုဏ်ယူပါကြောင်း၊ နိုင်ငံအများစု တွင်အရည်အသွေးပြည့်ဝသည့် လူငယ်မျိုးဆက်သစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်အတွက် အခြေခံပညာကျောင်းများ၌ အားကစားပြုလုပ်ရန် အားကစားချိန်ထည့်သွင်းခြင်း၊ အားကစားဘာသာ ရပ်များ၊ ကစားနည်းအလိုက်နည်းပြများ စနစ်တကျခန့်အပ်ပြီး ကျောင်းသားများအား နည်းစနစ်ကျကျ အားကစား လေ့ကျင့်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြု ကြရမည့် ယနေ့လူငယ်များအနေဖြင့် ကာယဗလ ၊ ဉာဏဗလ ၊ စာရိတ္တဗလ၊ မိတ္တဗလ ၊ ဘောဂဗလ ဆိုသည့် ဗလငါးတန်နှင့်ပြည့်စုံစေရေးကို အစဉ်တစိုက် ကြိုးပမ်းမြှင့်တင် တည်ဆောက်နေကြရမည် ဖြစ်ကြောင်း၊ အားကစားဆိုသည် ကြံ့ခိုင်မှု ၊ ခွန်အားရှိမှု ၊ လျှင်မြန်မှု ၊ ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပူးပေါင်းဆောင်ရွက်မှုစသည့် အခြေခံအချက်(၆)ချက်အပေါ်တွင် မူတည်နေသောကြောင့် ထိုအရည်အသွေး များပြည့်စုံသည်ထက် ပြည့်စုံနေအောင်၊ အစဉ်ကြိုးစား တည်ဆောက်သွားကြရမှာဖြစ်ကြောင်း၊ ပညာရေး ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်း လာမည် ယုံကြည်သည့်အတွက် တစိုက်မတ်မတ်ကြိုးစားသွားကြရန်၊ အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN UNIVERSITIES GAMES) တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ က အမျိုးသမီးဘောလီဘောပြိုင်ပွဲ ပထမဆုရရှိသော အားကစားအဖွဲ့အား လည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲဆုရရှိသည့် အားကစားအဖွဲ့နှင့် (ပထမ၊ဒုတိယ၊တတိယ)ဆုရရှိသူများ အားလည်းကောင်း၊ စုစုပေါင်းဂုဏ်ပြုဆုငွေကျပ် (၃၁)သိန်းအားပေးအပ် ချီးမြှင့်ပြီး အားကစားအသင်း အုပ်ချုပ်သူနှင့်နည်းပြများအားဂုဏ်ပြုဆုချီးမြှင့်ကာ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်း က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

