ထားဝယ် ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏(၂၀)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ၊ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်၊ စီမံခန့်ခွဲရေးနှင့်ပညာရေးအဖွဲ့ဝင်များက သတ်မှတ်ထား သည့်နေရာအသီးသီးတွင် နေရာယူကြသည်။
အခမ်းအနားတွင် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးက ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း သက်ဆိုင်ရာစာမေးပွဲများတွင် အောင်မြင်ခဲ့သူ မဟာဘွဲ့ ရရှိသူ(၈)ဦး၊ ဂုဏ်ထူးတန်းဘွဲ့ရရှိသူ(၄)ဦး၊ ဥပဒေဘွဲ့ရရှိသူ(၁)ဦး၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့ရရှိသူ(၆၂)ဦးနှင့် ၂၀၂၃ ပညာ သင်နှစ်၊ အဝေးသင်(ဒုတိယကြိမ်မြောက်)တွင်အောင်မြင်ခဲ့သူ ရိုးရိုးဘွဲ့ရရှိသူ(၁၃၃)ဦး၊ ဥပဒေဘွဲ့ ရရှိသူ (၁၄)ဦးတို့အား ဘွဲ့အသီးသီးအပ်နှင်းသည်။
ဆက်လက်၍ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်က ဘွဲ့ရမောင်မယ်များအနေဖြင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သင်ယူတတ်မြောက်ထားသောပညာ ရပ်များကိုအသုံးပြုပြီးဆက်လက်ဆည်းပူး လေ့လာကြရန်လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် နိုင်ငံနှင့်လူမျိုးကို ချစ်သောစိတ်ဓာတ်၊ အများအကျိုးကို ဆောင်ရွက်ပေးသောစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အသိတို့ဖြင့် စွမ်းစွမ်းတမံ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က ချမှတ် ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို လေးစားလိုက်နာပြီး နိုင်ငံသားကောင်း တစ်ဦး အနေဖြင့် နေထိုင်သွားကြရန်နှင့်အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးရာယဉ်ကျေးမှုများကို အစဉ်အမြဲထိန်းသိမ်း ကာကွယ်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှပါမောက္ခဌာနမှူးများ၊ ဘွဲ့ရမောင်မယ်များနှင့်မိဘ များတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

