ထားဝယ် ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီ က ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က တစ်မျိုးသားလုံးကျန်းမာ သန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေး အတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျှက်ရှိသလို နိုင်ငံတော်ကချမှတ်ပေးထားသော အားကစားနှင့်ကာယပညာဆိုင်ရာ မူဝါဒများနှင့်အညီအား ကစားလုပ်ငန်းများကို တစ်မျိုးသားလုံးလူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက် လျှက်ရှိကြောင်း၊ လူငယ်လူရွယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓါတ် ပိုမို အသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်၊ မိမိဝါသနာပါသော အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းဖြင့် အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ နွေရာသီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်၊ လူငယ်လူရွယ်များအချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုပိုမိုခိုင်မြဲလာစေရန်၊ စည်းကမ်းကောင်းမွန်ပြီး အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်မှု၊ အနစ်နာခံတတ်မှု၊ ရိုင်းပင်းကူညီတတ်မှုစသည့် အမူအကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်အားလပ်ရက်များအား အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားကိုငယ်စဉ်ကတည်းက စနစ်တကျတတ်သိနားလည်လေ့ကျင့် လာစေရန်ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ် နှင့်တိုင်းဒေသကြီး ကျောင်းသားအားကစားပြိုင်ပွဲများတွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များဆွတ်ခူးရရှိသော ကျောင်းသူ/ကျောင်းသား အားကစားသမားများသည် နွေရာသီအခြေခံအားကစားသင်တန်းမှ ထွက်ပေါ်လာခဲ့သောကြောင့် သင်တန်းသားများအနေဖြင့် တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားလေ့ကျင့်သင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုပြီး ကွင်းအတွင်း ပြန်လည်ထွက်ခွာကာ တိုင်းဒေသကြီးဝန်ကြီးချုပ် က မြန်မာ့သိုင်း၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ အေရိုးဗစ် အဖွဲ့များ၏သရုပ်ပြသမှုကိုကြည့်ရှုအားပေးပြီး သရုပ်ပြသသောအားကစားအဖွဲ့အား ဆုငွေ (၂)သိန်း ကျပ် ချီးမြှင့်သည်။
နွေရာသီအားကစားသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ကရာတေးဒို၊ ဂျူဒို၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ စားပွဲတင် တင်းနစ်၊ လက်ဝှေ့၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ် စသည်သင်တန်းများကို မတ် ၁၅ ရက် နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီးသင်တန်းသား(၆၃၅)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

