ထားဝယ် မတ် ၂၄
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၅-ခုနှစ်၊ တပေါင်းလပြည့်နေ့၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုl တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးl တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးအောင်မျိုးထွန်းနှင့် တက်ရောက်လာသော ဧည့်သည်တော်များ က အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနား သီချင်းဖြင့်သီဆိုပူဇော်ကာ နိုင်ငံတော်ဩဝါဒါစရိယ၊ ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီးထံမှ (၅)ပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူ ကြည်ညိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က သာသနာရေး ဆိုင်ရာများလျှောက်ထားသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ အဘိဓဇမဟာရဋ္ဌဂုရု(၁)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ(၁)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ(၁)ပါး၊ ဂန္ထဝါစကပဏ္ဍိတ(၂)ပါး၊ သဒ္ဓမ္မဇောတိက ဓဇ(၃)ပါး၊ စုစုပေါင်းဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၇)ပါးနှင့် သီလရှင်ဆရာကြီး(၁)ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် လှူဒါန်းပြီးတာဝန်ရှိသူများက သံဃာတော်များနှင့်သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနန္ဒဝံသ ထံမှ အနုမောဒနာတရား နာယူကြည်ညို ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
၄င်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကို ရုပ်သိမ်းလိုက်ကြပြီးမင်္ဂလာဝိုင်းတော်အဖွဲ့ က အောင်စေပိုင်စေဓမ္မတေးဖြင့် သီဆိုပူဇော်ကာ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော် လောင်းလှူခဲ့ကြကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

