ထားဝယ် ဧပြီ ၉
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်း က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသော အမျိုးသား ထားဝယ်မြို့နယ်အသင်းနှင့် ကျွန်းစုမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားနှင့် အားကစားဝါသနာရှင်များ က ကြည့်ရှုအားပေးရာ ထားဝယ်မြို့နယ်အသင်း က အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ပွဲစဉ်တစ်လျောက်ပါဝင်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ က အမျိုးသားအကောင်းဆုံး အားကစားဆုရရှိသူအားလည်းကောင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် က အမျိုးသမီးအကောင်းဆုံး အားကစားဆုရရှိသူအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အမျိုးသားဒုတိယဆုရရှိသော ကျွန်းစုမြို့နယ်အသင်းအား လည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာ ဝန်ကြီးဦးခင်မောင်မြင့် က အမျိုးသမီးဒုတိယဆု ရရှိသော ကျွန်းစုမြို့နယ်အသင်းအား လည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီး က အမျိုးသားပထမဆုရရှိသော ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် က အမျိုးသမီးပထမဆုရရှိသော မြိတ်မြို့နယ်အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က အမျိုးသား/ အမျိုးသမီးပထမဆုရရှိသည်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

